Asho Literature: အရှို စာပေ
_
အရှို စကားနဲ့ စာပေ။
။ အရှိုစကားဟာ သတိထားထိန်းသိမ်းရဲ့မယ့် အခြေအနေကို ရောက်နေပါပြီ။ အရှိုစကားဟာ
ဗမာစကားထက် ပြောရခက်ပါတယ်။ ( ဗမာစကားထက် စကောကရင်စကားက ပိုပြီး ပြောရလွယ်ပါတယ်။) ပြောရခက်တဲ့စကားကို
လူပြောနည်းတာ သဘာဝပါ။ လေယူလေသိမ်း။ အဖိအဖေါ့၊
အနိမ့်အမြင့်တွေက ပြောရခက်စေပါတယ်။ ပြောနေမကျပဲ ပြောရင် အလွန် ထောင့်ထောင့် အောင့်အောင့်နေပါတယ်။
တခါ အရှိုစကားဟာ အရေးတကြီးပြောမယ်ဆိုရင် လိုရာ မြန်မြန်မရောက်တတ်ပါဘူး။ အရှိုစကား ကောင်းကောင်း
ပြောတတ်သူတွေပင် အရေးကြီးတဲ့အခါ ဗမာလို ရောပြောသွားတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေက လူငယ်တွေကို ဗမာစကားပြောတာကို မဟန့်တားပဲ
ဗမာစကားကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောဖို့သာ တိုင်တွန်းသင့်ပါတယ်။ ဘာသားစကားဟာ
လူအချင်းချင်း ဆက်သွယ်ရေးအတွက် အသုံးဝင်တာကြောင့် ဘာသာစကားအမျိုးပေါင်း များများ ပြောနိုင်လေလေ၊
ပိုကောင်းလေပါပဲ။
အရှိုစကားကို အရှိုတွေ ဘာကြောင့်ပြောသင့်သလဲ? ဗမာစကား ပြောတတ်ရင် ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်ပြောဆိုလို့ ရပြီမဟုတ်လား? ဘာလိုသေးလို့လဲ? … လို့ လူငယ်တွေက စောဒက တက်နိုင်၊ ဆင်ခြေပေးနိုင်ပါတယ်။ လူကြီးတွေက အရှိုမိုလို့ အရှိုစကား ပြောရတာပေါ့ကွလို့ ဒေါသနဲ့ ဖြေတတ်ပါတယ်။ ဒါဟာ ပညာပါတဲ့အဖြေ၊ ထိရောက်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ အရှိုစကားရဲ့ သဘာဝကို လေ့လာရပါမယ်။ တခြားနီးစပ်ရာစကားတွေနဲ့ ဘာကွာသလဲ? … လို့ လေ့လာရပါမယ်။ ဥပမာ… ဗမာစကားဟာ ပြောရလွယ်ပါတယ်။ ဝေါဟာရကြွယ်ပါတယ်။ ကြည့်ကောင်းအောင် အများကြီး လှည့်ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့မှာ စိတ်ခံစားချက်ကို ဖေါ်ပြတဲ့စကား၊ စိတ်နေစိတ်ထားကို ဖေါ်ပြတဲ့စကား ရှားပါးလှပါတယ်။ ဒုက္ခပဲလို့ ညည်းတဲ့အခါ ဒုက္ခဆိုတာ တခြားစကားကို ငှါးသုံးထားတာပါ။ ထို့အတူ လောဘ၊ မောဟ၊ မာန စတဲ့ စကားတွေကို တခြားစကားကနေ ယူသုံးထားရပါတယ်။ စိတ်ခံစားချက်တွေကို စကားနဲ့ ဖေါ်ပြရာမှာ အားနည်းတဲ့အတွက် မြန်မာရုပ်ရှင်တွေဟာ မလိုအပ်ပဲ အသံကျယ်ကျယ်ပြောနေရပါတယ်။ ( မြန်မာရုပ်ရှင်တွေ အဆင့်အတန်းနိမ့်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဗမာစကားရဲ့ သဘာဝကိုလည်း ထည့်စဉ်စားသင့်ပါတယ်။ ) ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်စကားနဲ့ ရှင်းပြလို့မရရင် တခြားစကားယူသုံးဖို့ ဝန်မလေးသင့်ပါဘူး။
အရှိုစကားရဲ့ ထူးခြားချက်တခုက စိတ်ခံစားချက်၊ စိတ်နေစိတ်ထားကို ဖေါ်ပြတဲ့ အသုံးအနှုန်းတွေ ပေါများခြင်းပါပဲ။ ဥပမာ… သမီးငယ်ကလေးတယောက် အလှအပ ပိုပိုသာသာလေး ပြင်ထားရင် `ဆာဟေးဟို့ ´ “Sahay Ho” လို့ ပြောကြပါတယ်။ ဒီစကားကို ဗမာလို ရှင်းပြဖို့ခက်တယ်ဆိုတာ အရှိုတိုင်းသိပါတယ်။ အနီးစပ်ဆုံး ခေတ်ပေါ် ဗမာဗန်းစကားနဲ့ ပြောရင် `ပဲများတယ်ပေါ့´။ ဒါပေမယ့် အဒေါ်တယောက် ပွဲလမ်းသဘင်သွားဖို့ အသေအချာ ပြင်ထားပြီဆိုရင်၊ `ဆာဟေးဟို့´ လို့ပဲ ပြောကြပါတယ်။ မရိုင်းတဲ့ အပြင်၊ ချစ်စရာ စနောက်သလို ဖြစ်စေပါတယ်။ အဒေါ်ကို `ပဲများတယ်´ လို့ ပြောရင်တော့ ရိုင်းပြီပေါ့။ အဲဒီလိုကွာပါတယ်။ ဒီ့အပြင် .. `ဒလူဟို့ Dalu Ho” ၊ `ရှိုရှိုင်နောက်ကို Shoshine Nauk Ko” ၊ `နှယောဟို့ Hna Yaw Ho” ၊ `ရှင်မောင်ဟေးဟို့ Shin Maung Hay Ho” ၊ ငွှန်နို့ Hgnon Noh” ။ …………စသဖြင့် အများအပြား ရှိပါတယ်။ ( ဒီစကားတွေကို သပ်သပ်လေ့လာ စုစည်းထားဖို့ လိုပါတယ်။ တွေ့ရှိသမျှကို စာ (သို့) အီးမေးလ်နဲ့ ပို့ပေးစေချင်ပါတယ်။) ဒီအချက်ကိုကြည့်ရင် အရှိုစကားဟာ ထူးခြားပြီး သူပါမှ ဖြစ်မဲ့နေရာ ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။
အရှိုစာပေ အက္ခရာ
အရှိချင်း စာအကြောင်းဟာ အေးအေးဆေးဆေး စဉ်းစားကြ၊ ဆွေးနွေးကြရမယ့် အကြောင်းအရာမျိုးဖြစ်ပါတယ်။ ဆွေးနွေးရာမှာလည်း ကိုယ့်အတ္တထက် ကိုယ့်အမျိုးစာပေတိုးတက်ဖို့သာ အဓိကထားကြရပါမယ်။ ထည့်စဉ်းစားသင့်တဲ့ အချက်တချို့ကို အကြံပြုပါမယ်။
၁။ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာတွေက အရှိုစာပေအတွက် A, B, C, D ရောမအက္ခရာကို မရွေးဘဲ မြန်မာ က၊ ခ၊ ဂ ကို ရွေးခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေး၊ လူမျိုးရေး ဘက်လိုက်မှုကင်းတာ တွေ့နိုင်ပါတယ်။ သူတို့ကြည့်ခဲ့တာဟာ ဘာသာစကားအမြင် Linguistic သက်သက် ဖြစ်ပါတယ်။ (အင်္ဂလိပ်တွေက 3 M နဲ့ နယ်ချဲ့ပြီး ပုံသွင်းခဲ့တယ်ဆိုတဲ့ ခပ်နိမ့်နိမ့် နိုင်ငံရေးအတွေးအခေါ်တွေကို ခေါက်ထားလိုက်ပါ။) အမေရိကန်ဆရာတွေဟာ အရှိုတွေကို သူတို့ ပုံစံခွက်ထဲ မသွင်းဘဲ အရှိုကို ဒီအတိုင်း သူ့သဘာဝအတိုင်း ထားပေးခဲ့ပါတယ်။ အဲဒီခေတ်က အရှိုတွေကို Peter, Paul, John, Mary, Andrew စတဲ့ သမ္မာကျမ်းစာ နာမည်တွေတောင် မပေးခဲ့ပါဘူး။ အမေရိကန် Eagle တွေရဲ့ ထူးခြားတဲ့ ဖါသိဖါသာနေတတ်တဲ့ အကျင့်ပါ။ ဒီကလူတွေနဲ့ အတော်ကွာပါတယ်။ သူကိုယ်တိုင် လွတ်လပ်မှုကို မြတ်နိုးတယ်။ တခြားသူကိုလည်း နေတတ်သလို နေစေပါတယ်။ ဒီထက်ပိုဆိုးတာက ကျောင်းနေတဲ့ အရှိုကလေးတွေဟာ ကိုယ့်အရှို နာမည်ကို ဗမာတွေ မခေါ်တတ်မှာစိုးလို့ ဗမာနာမည် ရှာမှည့်ကြပါတယ်။ အဲဒီခေတ်အရှိုတွေ အတော်များများ ဗမာနာမည်တွေ ဖြစ်သွားပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး အမေရိကန်ဆရာတွေက သီးသန့်နေခဲ့ပါတယ်။ (အမှန်က အရှိုတွေ အဲဒီလောက် သူများကို အားနာဖို့ မလိုပါဘူး။ အခုခေတ် ဗမာတွေလည်း နိုင်ငံရပ်ခြားက နာမည်တွေ ကောင်းကောင်းခေါ်တတ်နေပါပြီ။ ဒေးဗစ် ဘက်ခမ်းတို့၊ ဖါဂူဆန်တို့က အစပေါ့။)
ပထမမှာ အမေရိကန်ဆရာတွေက စကောကရင်နဲ့ ပိုးကရင်ကို အက္ခရာထွင်ပေးကြတယ်။ နောက်တော့ အရှိုတွေအတွက် ထွင်တဲ့အခါ ပိုးကရင်နဲ့ လေယူလေသိမ်း အတော်တူတာကို ရိပ်မိခဲ့ကြတယ်။ ဒါနဲ့ ပိုးကရင်စာကနေ တဆင့်ထပ်ထွင်ခဲ့တာပါ။ (ဗမာစာလုံးယူတာကို နိမ့်တယ်လို့ အရှိုမဟုတ်တဲ့ တခြားချင်းအမျိုးတွေက ထင်တာက နားမလည်ဘဲပြောတာပါ။) တကယ်ရေးကြစတမ်းဆိုရင် အသံသဘာဝက မြန်မာစာလုံးနဲ့ အသံပိုနီးစပ်ပါတယ်။
၂။ ရှိပြီးသား အရှိုအက္ခရာကို အကြောင်းမခိုင်လုံဘဲ ပစ်ပယ်ရင်၊ Foundation ဆိုတဲ့ အခြေခံအုတ်မြစ်ကို တူးပစ်နေရင် ဘယ်တော့ အထက်ကိုတက်ပြီး ထပ်ဆင့်ဆောက်မလဲ၊ ရင်လေးစရာပါ။ ပညာမပါဘူးလို့ ဆိုနိုင်ပါတယ်။ ရှိပြီးသား အက္ခရာပေါ်မှာ ကဗျာတွေ၊ သီချင်းတွေ၊ လင်္ကာတွေ၊ စကားပုံတွေ၊ ပုံပြင်လေးတွေ ထပ်ဆင့်တည်ဆောက်ရမှာပါ။ ဒီနေရာမှာ စာပေသင်တာထက်ပို အခြေခံကျတာက အပြောပါ။ အရှိုတွေ အရှိုစကားပြောတတ်ဖို့ အားပေးရပါမယ်။ လူငယ်တွေ မပြောတတ်ရင် အပြစ်မတင်ပါနဲ့။ အရှိုစကားရဲ့ ထူးခြားတဲ့ သဘာဝကို ပြောပြပါ။ ဘာသာစကား တမျိုးပြောတတ်တာထက်၊ နှစ်မျိုး၊ သုံးမျိုး ပြောတတ်တာ ပိုကောင်းကြောင်း အားပေးပါ။ ဒီလိုဆွဲခေါ်တာက တကယ်အကျိုးရှိပါတယ်။ အောင်မြင်နိုင်ပါတယ်။
၃။ A, B, C, D ကို အရှိုစာအဖြစ်သုံးရင် ရောမအက္ခရာသုံးတဲ့ တခြားကမ္ဘာ့ ဘာသာစကားတွေနဲ့ ခွဲရခက်သွားနိုင်ပါတယ်။
၎။ A, B, C, D ကို ပိုကြိုက်တဲ့သူက ကွန်ပြူတာမှာ စာစီရတာ ပိုလွယ်တယ်လို့ ပြောတတ်ပါတယ်။ အလွယ်ကြိုက်ရင် ပိုကောင်းတဲ့အရာတွေကို လက်လွတ်သွားတတ်တာကို သတိပြုရပါမယ်။ ဆက်ရှင်းပြပါမယ်။
၅။ ဘယ်အက္ခရာကို သုံးမလဲဆိုတာ စဉ်းစားတဲ့အခါ နောက်ထပ်အရေးကြီးအချက်တချက်ရှိနေပါတယ်။ အဲဒါက ပညာရေးရှုထောင့်နဲ့ ကွန်ပြူတာနည်းပညာရှုထောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာစာအကြောင်း စဉ်းစားကြည့်ကြပါစို့။ မြန်မာစာနိမ့်ကျရတဲ့အကြောင်းရင်းကို ပညာရှင်တွေ ဝိုင်းဆွေးနွေးတဲ့အခါ အခြေခံကျတဲ့ အချက်တချက်ကို ထောက်မပြခဲ့ကြပါဘူး။ တချို့က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြောင့်လို့ ပြောကြတယ်။ ဟုတ်သလိုရှိပေမယ့် အတိအကျမမှန်ပါဘူး။ ဘာသာစကားရှုထောင့်ကမကြည့်ဘဲ နိုင်ငံရေးရှုထောင့်က ကြည့်ပြောတာ ဖြစ်ပါတယ်။ ဒါက ပြဿနာကို ပြေလည်စေမှာ မဟုတ်ပါဘူး။ (ဒီတိုင်းပြည်မှာ နိုင်ငံရေးက နေရာတကာ ဘာသာရေး၊ စီးပွါးရေး၊ ပညာရေးအကုန် ဝင်ပြီးဆရာကြီးလုပ်ချင်တာက ဆိုးတော့ဆိုးပါတယ်။) ဒါပေမယ့် အခုစဉ်းစားမှာက ဘာသာစကားအကြောင်းပါ။
မြန်မာစာနိမ့်ကျရတဲ့ အဓိကအကြောင်းတချက်က ကျောင်းမှာ သင်ပုန်းကြီးကို စသင်တဲ့အခါ အသံကို မသင်ဘဲ၊ အက္ခရာရဲ့ ပုံစံကို မှတ်မိဖို့ သင်ကြလို့ ဖြစ်ပါတယ်။ မျက်မြင်ရအရာ material တွေကို အဓိကထားကြည့်တတ်လို့ ဖြစ်နိုင်ပါတယ်။ (လူတချို့ဟာ အရုပ်ပြမှ အကောင်ထင်တတ်ပါတယ်။ လူတချို့ကတော့ အရုပ်စိတ်မဝင်စားဘဲ အသံတွေကို စိတ်ဝင်စားတတ်တယ်။ တချို့ကတော့ အရုပ်နဲ့ အသံတွေထက် မမြင်ရတဲ့အရာတွေ၊ သဘောတရားတွေကို စိတ်ဝင်စားတတ်ပါတယ်။) အဲဒီတော့ Ka, Kha ဆိုတဲ့အသံကို မသင်ဘဲ၊ ကကြီး၊ ခကွေးဆိုတဲ့ ကြီးတာတွေ၊ ကွေးတာတွေကို မြင်စေ၊ မှတ်စေပါတယ်။ ဒါနဲ့ ဘကုံး၊ ဗထက်ချိုက်၊ ဖဦးထုပ် ...... စတာတွေ သင်ရင်း အက္ခရာတွေကို ပုံဖေါ်နေပါတော့တယ်။ (A,B,C,D သင်ရာမှာလည်း A ရဲ့အသံကို မသင်ဘဲ လှည်းထောက်ခွကလေးလို့ ပုံဖေါ်သင်တာတွေ တွေ့ရပါတယ်။) အက္ခရာတွေကို မြင်ယောင်ဖို့အဓိကထားနေတော့ အသံပျောက်လာပါတယ်။ စ နဲ့ ဆ မကွဲပြားတာတွေ တွေ့လာရတယ်။ စလုံး၊ စလိမ်လို့ ကျောင်းသားလေးတွေ ရွတ်တာကြားနေရပါတယ်။ (ဂျာနယ်တွေမှာပင် “ဆွဲဆောင်” ကို “စွဲဆောင်”၊ “စွဲမက်”ကို “ဆွဲမက်” လို့ မှားယွင်း ရေးသားတာမျိုးတွေ တွေ့လာရပါတယ်။) တယာက်မက မှားလာတော့ လူမျိုးသဘာဝကကို ဒီစာလုံးတွေကို မပီတာလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။
အက္ခရာမတူပေမယ့် အသံတူနေတာတွေလည်း တွေ့နေရပါတယ်။ ဂ နဲ့ ဃ၊ ဇ နဲ့ ဈ၊ ဗ နဲ့ ဘ၊ ဒ နဲ့ ဓ၊ န နဲ့ ဏ၊ လ နဲ့ ဠ ..... စတာတွေဟာ အက္ခရာမတူပေမယ့် အသံတူနေတာတွေ့ရပါတယ်။ ဟန္ဒီစကားမှာတော့ ဂ နဲ့ ဃ အသံမတူတာ (တူတယ်ဆိုရင်ရင်လည်း တူဆင်ဆင် ကြားသံဖြစ်နေတာတွေ့ရပါတယ်။)
အမှန်က အသံကို ဦးစားပေးသင်ရမှာပါ။ ဒါဆိုရင် အသံမှန်ပါလိမ့်မယ်။ ပြီးရင် ဗျည်း နဲ့ သရ ပေါင်းပြီး အသံထွက်တာကို နားလည်လွယ်လာပါလိမ့်မယ်။ ဗျည်း “က” နဲ့ သရ “အာ” ပေါင်းရင် “ကာ” ဖြစ်တယ်လို့ သိပါလိမ့်မယ်။ အခုက “က” နဲ့ “ရေးချ” ပေါင်းရင် “ကာ” ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ “က + အို = ကို” ဆိုတဲ့သဘောကို တိုင်းရင်းစာသင်ထားတဲ့ ကလေးငယ်တွေ သဘောပေါက်ပေမယ့် မြန်မာစာတမျိုးတည်း သင်ထားတဲ့ ကလေးငယ်တွေ နားလည်ရခက်နေတတ်ပါတယ်။ အခု ဒါတွေကို ဘာကြောင့် ပြောနေရသလဲဆိုတော့ အသံကို မသင်ဘဲ၊ အရုပ်ကိုပဲ မှတ်တတ်တဲ့ သဘာဝရှိနေတာကို မြင်စေချင်တာပါ။
အဲဒီလို အရုပ်မှတ်တဲ့ သဘာဝက ကွန်ပြူတာ မြန်မာစာ font ထွင်တဲ့အခါ ပြဿနာတခု ဖြစ်နေပါတယ်။ (ရှေးက လက်နှိပ်စက်လက်ကွက်ကို အခြေခံပုံရပါတယ်။) “က” ကို စာလုံးပုံစံ (ရုပ်) နီးစပ်တယ်လို့ ထင်ရတဲ့ U နေရာမှာ ထားပါတယ်။ “ခ” ကို C ။ “လ” ကို V ။ “စ” ကို P ။ လုံးကြီးတင်ကို D ....... စသည်ဖြင့် နေရာချပါတယ်။ ဒါဟာ ပြည်တွင်းက လူတွေအတွက်တော့ ပြဿနာမဟုတ်လှပါဘူး။ ဒါပေမယ့် မြန်မာစကားနဲ့ မြန်မာစာသင်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် စာစီစာရိုက်လုပ်ရင် အတော်ခက်နိုင်ပါတယ်။ အဲဒီအစား အသံကို အဓိကထားသင်ကြမယ်၊ အသံကို ဦးစားပေးပြီး font ကို နေရာချမယ်ဆိုရင် ... “က” က K မှာ ဆိုပါစို့။ “အို“ က O မှာဆိုပါစို့။ ဒါဆိုရင် KO လို့ရိုက်လိုက်တာနဲ့ “ကို” လို့ တခါထဲ ပေါ်လာဖို့ လိုပါတယ်။ ဒါမှ နိုင်ငံခြားသားတွေအတွက် စာရိုက်ရတာ အဆင်ပြေမှာပါ။ ကိုယ့်စာပေ ကျယ်ပြန့်စေချင်၊ ထွန်းကားစေချင်ရင် သူတပါးအတွက် အဆင်ပြေ၊ လွယ်ကူအောင် လုပ်ကြရပါမယ်။ font အမျိုးမျိုးကွဲပြားနေတာကိုလည်း အများလက်ခံပြီး၊ ပိုအဆင်ပြေမယ့် font တခု ပေါ်ပေါက်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။ ဝိုင်းဝန်းစဉ်းစား အဖြေရှာကြရမှာပါ။ သဘောထားလည်းကြီးကြရပါမယ်။ ဒါက ဥပမာပေးတာပါ။ မြန်မာစာကို ဥပမာပေးမှ မြန်မာစာကနေ ထပ်ထွင်ခဲ့တဲ့ အရှိုစာကို ပိုမြင်လာမှာဖြစ်လို့ပါ။
အရှိုစာကိုလည်း ဖြစ်နိုင်ရင် အရင် မြန်မာစာကယူထားတဲ့ အက္ခရာတွေကို မပစ်ပယ်ဘဲ၊ ကွန်ပြူတာစာလုံးကိုသာ အသံဦးစားပေး font အဖြစ် တည်ထွင်ဆန်းသစ်သင့်ပါတယ်။ ဒါဆိုရင် ... KO ရိုက်တဲ့အခါ “က + အို”= “ကို” (အရှိုမူလစာအတိုင်း ကိ? အဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။) အဲဒီအခါမှာ အရှိုတွေသာမက ပြည်တွင်းသာမက၊ ပြည်ပက လူတွေပါ အရှိုစကား စိတ်ဝင်စားရင် အလွယ်တကူ စာစီနိုင်မယ်လို့ မြော်လင့်ပါတယ်။ ဒါကြောင့် မူလရှိပြီးသား အရှိုအက္ခရာကိုပဲ ဆက်သုံးပြီး၊ ကွန်ပြူတာ အရှို Font ကိုတော့ အသံကို ဦးစားပေး တည်ထွင်ကြရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ တကယ်လုပ်ဆောင်သင့်၊ မသင့်ကတော့ အများတိုင်ပင် ဆုံးဖြတ်ကြရမှာပါ။ လုပ်ဆောင်ရင် အခက်အခဲတချို့ ရှိမယ်ဆိုတာကိုလည်း ဝန်ခံပါတယ်။